တခြားတိရစ္ဆာန်တွေကို မျိုးမပွား အောင်ဆိုပြီး သင်းကွပ်ပေးတာကို ကြားဖူး၊ မြင်ဖူးကြပေမယ့် ကြက်ကို သင်းကွပ်တာတော့ လူအနည်းငယ် လောက် သာ ကြားဖူးကြမယ်လို့ ထင်ပါတယ်။ ကျွန်မတို့ အဘိုးအဘွား တွေက ကြက်ကိုသင်းကွပ်ရတယ် ဆိုတာကို ဘယ်ကနေ ဘယ်လို သိတတ်သင်ယူခဲ့မှန်း မသိပါဘူး။ ကျွန်မ မှတ်မိတတ်စ အရွယ်က တည်း က တောင်ကြီးမြို့မှာနေတဲ့အဘွားဟာ ရွာကိုမကြာခဏ ဆင်းလာပြီး နှစ်သစ် ကူး မှာရောင်းဖို့ ကြက်တွေကို သင်းကွပ်ပေးခဲ့ပါတယ်။
သင်းကွပ်ပါတယ်ဆိုမှတော့ ကြက်ဖတွေပေါ့နော်။ သင်းကွပ်ရတဲ့ကြက်အရွယ်က ကြက်သန်းအရွယ်ပါ။ ကြက်အရွယ်ရောက် မရောက်ကို ကြက်ခြေထောက်နားက ကြက်အတက်ကို ကြည့်ရပါတယ်။ အတက်အရမ်းရှည်နေတဲ့ကြက်ကို သင်းရင်သေလွယ်တာကြောင့် အတက် လက်တစ်ဆစ်ရဲ့တစ်ဝက်လောက်ရှိတဲ့ကြက် ဒါမှမဟုတ် အတက် အဖုလေးတွေ့ရတဲ့ကြက်ကိုပဲ သင်းရပါတယ်။ အဘွားက ကြက်ကို မနက်ဝေလီဝေလင်းအချိန်မှာ သင်းကွပ်ပါတယ်။ မနက်အေးတဲ့အချိန်ဆိုရင် အနာသက်သာအောင်လို့ပါ။ သင်းကွပ်ဖို့ ညကတည်းက ဖမ်းလှောင်ထားတဲ့ ကြက်သန်းပျိုတွေကို အဘွားက ဒူးနှစ်ချောင်းကြားမှာ စောက်ထိုးညှပ်လိုက်ပြီး ကြက်ရဲ့ အမြီးအောက် စအိုနားလောက်မှာ ရေလေးနဲ့ဆွတ်၊ အမွေးများရင် အမွေးတွေကိုနုတ်ပြီး ဓားပါး(မုတ်ဆိတ်ရိတ်ဓား)နဲ့ ခွဲပါတယ်။
အဘွားကြက်သင်းကွပ်တိုင်း ကျွန်မက ကြက်မရုန်းအောင် ကြက်ခြေထောက်တွေကို ကိုင်ထားပေးရပါတယ်။ (ဒါကြောင့်လည်း ကျွန်မမြင်ခဲ့၊ မှတ်မိခဲ့တာတွေကို အခုလို ချရေးဖြစ်ပါတယ်)။ အဘွားက ကြက်ရဲ့စအိုအောက်နားလေးမှာ ဓားနဲ့တစ်လက်မလောက် (လက်နှစ်လုံးဝင်စာ)ခွဲပြီး သေချာဆေး ထားတဲ့လက်နဲ့ နိုက်ပါတယ်။ ဟိုစမ်း ဒီစမ်းနဲ့ ခဏအကြာမှာ အဘွားလက်ထုတ်လာရင် လက်သန်း လောက်ရှိတဲ့ ဖြူဖြူအစေ့လေး (ပဲတောင့်ရှည်ရဲ့အစေ့သဏ္ဍာန်) ပါလာပါတယ်။ (သင်းကွပ်ပါတယ်ဆိုမှ ကျွန်မကို ဘာအစေ့လို့ခေါ်သလဲလို့တော့ မမေးနဲ့ပေါ့နော်)။
ကြက်ကြီးရင် အစေ့ကြီးပြီး ကြက်နုရင် အစေ့သေးပါတယ်။ ကြက်နုလွန်းရင် အစေ့ကို စမ်းမရဖြစ်တတ်ပါတယ်။ ဒါကြောင့် ကြက် မကြီးလွန်း၊ မသေးလွန်းတဲ့အရွယ်မှာ သင်းကွပ်တာ အကောင်းဆုံးပါ။ အစေ့က နှစ်စေ့ရှိပြီး လခြမ်းပုံသဏ္ဍာန်ရှိပါတယ်။ အစေ့နှစ်စေ့လုံး လုံးဝထွက်လာပြီဆိုရင် ခွဲထားတဲ့နေရာကို ချုပ်ရပါတယ်။ ချုပ်ပြီး ကြက်ကို ရေတိုက်၊ စောက်ထိုးကြီး ညှပ်ထားတာမို့ အထက်အောက်သမအောင်လှုပ်ပေးပြီး လွှတ်လိုက်ပါတယ်။
ကြက်သင်းတဲ့အခါမှာ အချိန်ကြာနေလို့မဖြစ်ပါဘူး။ ဒါကတော့ လူတိုင်းသိပါတယ်။ အချိန်ကြာရင် သွေးလွန်ပြီး ဒါမှမဟုတ် ဗိုက်ထဲလေတွေဝင်ပြီး သေသွားတတ်လို့ပါ။ အဘွားပြောပြတာက အစေ့က ကြက်ရဲ့နောက်ကျောနေရာမှာ ကပ်နေတယ်လို့ဆိုပါတယ်။ ကြက်သားစားတဲ့အချိန် သတိထားမိကြမှာပါ။ ကြက်ဖသားကို ဝယ်ခဲ့တယ် ဆိုရင်ပေါ့။
ကြက်(၁ဝ)ကောင်သင်းကွပ်ရင် ၁ဝကောင်လုံး မအောင်မြင်နိုင်ပါဘူး။ တချို့က သေသွားတတ်သလို တချို့က ဘယ်လိုပြောမလဲ.. အခြောက်ဖြစ်သွားတယ် ခေါ်ရမလား...? အဲတာက ဘာကြောင့်လဲဆိုရင် အချိန်လွန်သွားလို့ အစေ့နှစ်စေ့မှာ တစ်စေ့ပဲထုတ်မိတာတို့၊ အစေ့ကို လက်နဲ့ကုတ်မိပြီး တစ်ခြမ်းပဲ့ကျန်ခဲ့တာတို့ဖြစ်ရင် အဲဒီကြက်က အခြောက်ဖြစ်သွားပါတယ်။
သင်းကွပ်လုံးဝ အောင်မြင်သွားတဲ့ကြက်က ကြက်အမတွေနဲ့ အတူမနေတော့ပါဘူး။ သီးသန့်နေပါတယ်။ ဒါကြောင့် သင်းထားတဲ့ ကြက်ဖက တစ်နေ့တစ်ခြား ဝဝလာပြီး တစ်နှစ်လောက်မွေးထားရင် တစ်ကောင်ကို နှစ်ပိဿာကျော်၊ သုံးပိဿာအထိရှိနိုင်ပါတယ်။ တရုတ်တွေ တအားမျက်စိကျတဲ့ အရောင်အသွေးစုံ အတောင်ပံတွေနဲ့ ကြက်ဝတုတ်ကြီးကို တရုတ်နှစ်သစ်ကူးအချိန်မှာရောင်းရင် ဈေးပိုရပါတယ်။ တခြားရိုးရိုးကြက်တွေထက် သူက ဈေးပိုရတာကြောင့် အဘွားရှိတုန်းက တရုတ်နှစ်သစ်ကူးအတွက်ဆိုပြီး စီးပွားအဖြင့် သင်းကွပ်ကြက်တွေကို အုပ်လိုက် မွေးမြူခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက အဘွားက ရွာမှာတစ်ဦးတည်းသော သင်းကွပ်ကြက်ရောင်းသူပါ။ အဘွားမျက်စိမွဲလို့ ကြက်တွေကို မချုပ်နိုင်တော့တဲ့အခါ ကျွန်မ အဖေက အဲဒီအမွေကို ဆက်ခံပါတယ်။ အဖေကတော့ စီးပွားအဖြင့်မမွေးခဲ့ပါဘူး။ အိမ်စားဖို့အတွက်ပဲ မွေးခဲ့ပါတယ်။
သင်းကွပ်မအောင်မြင်တဲ့ ကြက်(အခြောက်)တွေက ကြက်အမတွေနဲ့ အတူနေတတ်တယ်။ သင်းကွပ်မအောင်တဲ့ ကြက်ဖနဲ့ရတဲ့ ကြက်ဥကို အကောက်ဖောက်လို့ မရပါဘူး။ အဲဒီကြက်ဥက ကြက်မဘယ်လောက်ကြာကြာ ဝပ်ဝပ် အကောင်မပေါက်တတ်သလို ဝပ်ရင်းက ကြက်ဥတွေ ပုပ်သွားတတ်ပါတယ်။ ဒါကြောင့် သင်းကွပ် မအောင်မြင်တဲ့ကြက်ကို ကြက်သတ်သူတွေဆီရောင်း ဒါမှမဟုတ် ချက်စားလိုက်တာက အကောင်းဆုံးပါ။ သင်းကွပ်အောင်မြင်တဲ့ ကြက်ဖရဲ့အမောက်က မကြီးတတ်တော့သလို အောက်အီးအီးအွတ်လဲ မအော်တတ်တော့ပါဘူး။ မအောင်မြင်တဲ့အကောင်တွေရဲ့အမောက်က မကြီးမငယ်ဖြစ်နေတတ်ပါတယ်။ မကြီးမငယ်ဆိုတာ တကယ့်ကြက်ဖလောက်လဲမကြီး ကြက်အမတွေလောက်လဲမငယ်တဲ့ အမောက်ပေါ့။ ဒါကြောင့် သင်းကွပ်ကြက်စစ်မစစ် အမောက်ကြည့်ပြီး ခွဲနိုင်ပါတယ်။ ကျွန်မအဖေမရှိတော့တဲ့နောက် ကျွန်မတို့အိမ်မှာ အဲဒီအမွေကို ဘယ်သူ့မှ ဆက်မခံခဲ့တော့ပါဘူး။ ကျွန်မလဲ တစ်ချိန်တုန်းက ဖြစ်ပျက်ခဲ့ဖူးတာကို မကြားဖူးသူများ ကြားသိရအောင် ဗဟုသုတအနေနဲ့ မှတ်မိတာကို မျှဝေလိုက်ပါတယ်။ ကျွန်မသုံးနှုန်းထားတဲ့ စကားလုံးတွေ ရိုင်းစိုင်းခဲ့ရင် ကျွန်မရဲ့ညံ့ဖျင်းမှုပဲဖြစ်ကြောင်း ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်။
*** ပုံထဲမှာ ကြက်ဖစစ်စစ်နဲ့ သင်းကွပ်ခံထားရတဲ့ကြက်ဖတွေရဲ့အမောက်ကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
နိုင်းနိုင်းစနေ (Sunday, January 27, 2008)
No comments:
Post a Comment