ဆုများရှင် နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ သံတမန်အဖြစ် ဖေဖော်ဝါရီ ၂၈ ရက်ညနေပိုင်းက ခန့်အပ်လိုက်ပြီဖြစ်ကြောင်းသိရသည်။
ဘောလုံးအဖွဲ့ချုပ်က နန်းခင်ဇေယျာအား ဆီးဂိမ်းပြိုင်ပွဲ ပြီးသည်အထိ သံတမန်အဖြစ် တစ်နှစ်ခန့်အပ်လိုက်ခြင်းဖြစ်ပြီး ၄င်းအနေဖြင့် မြန်မာအသင်း ဂျာစီအကျီဝတ်၍ ဆီးဂိမ်းတွင် ပရိသတ်နှင့် ဓာတ်ပုံရိုက်ပေးခြင်း၊ ကံစမ်းမဲအစီအစဉ်များ တွင်ပါဝင်ပေးခြင်းများကို အခကြေးငွေမယူပဲ ကူညီ ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိ သူကပြောသည်။
"ဒီနေ့ညနေမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးက ညီမထံကိုဆက်သွယ်လာပြီး မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် ရဲ့ သံတမန်အဖြစ်တာဝန် ယူပေးနိုင်၊ မပေးနိုင်ဆိုပြီး ဆက်သွယ်အကြောင်းကြားလာခဲ့ပါတယ်။ ညီမ အနေနဲ့ အဆိုပါကမ်းလှမ်းချက်ကိုရရှိချိန်မှာပဲ ဂုဏ်ယူစွာနဲ့ လက်ခံခဲ့ပါတယ်။ ဘောလုံးအားကစားအပါအ၀င် မြန်မာနိုင်ငံအားကစား အဆင့်အတန်းမြင့်မားရေးအတွက် ကိုယ်တတ်နိုင်သလောက် ဆောင်ရွက်ပေးချင်နေတဲ့ ညီမအတွက်တော့ ဒီအခွင့်အရေးဟာ တကယ့် အဖိုးတန်အခွင့်အရေးဖြစ်တယ်လို့ ယုံကြည်ပါတယ်။
ညီမရဲ့ ပရိသတ်များဟာလည်း မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို အရှေ့တောင်အာရှပြိုင်ပွဲများတင် မက နိုင်ငံတကာပြိုင်ပွဲအရပ်ရပ်မှာပါအောင်မြင်မှုရရှိစေချင်လိမ့်မယ် လို့ ညီမယုံကြည်ပါတယ်။
အနီးစပ်ဆုံးအနေနဲ့ ယခုကျင်းပတော့မယ့် AFC Challenge Cup ပြိုင်ပွဲမှာ နိုင်ငံတကာပြိုင်ဖက်များကို ညီမတို့ မြန်မာ့လက်ရွေးစင်အသင်းဖြတ်ကျော်အနိုင်ရရှိဖို့အတွက် ၁၂ယောက်မြောက်ကစားသမားအဖြစ် ကွင်းထဲအထိ ညီမနဲ့အတူ သွားရောက်အားပေးကြရအောင်နော်... " ဟု နန်းခင်ဇေယျာက သူ၏ facebook စာမျက်နှာတွင် ယမန်နေ့ ညနေပိုင်းက ရေးသားခဲ့သည်။
Popular Myanmar News Journal